သရက်ချောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းပြုလုပ်

သရက်ချောင်း   ဒီဇင်ဘာ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ ဉာဏ်ရည်/ရည်သွေးထက်မြက်စေရန်၊ ကာယစွမ်းရည်မြှင့်မားစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်/စာစောင်များခင်းကျင်းပြသခြင်းများပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်းနှင့် နေ့ထူးနေ့မြတ်များအကြောင်း၊ လွတ်လပ်ရေးဖြစ်ပေါ်လာရခြင်းသမိုင်းကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ဟောပြောခဲ့ပြီး ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲများဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါပြိုင်ပွဲများ၏ စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကွမ်းသီးကောက်လက်ဆင့်ကမ်းပြိုင်ပွဲ၊ ကွမ်းကောက်ပြိုင်ပွဲ၊ စကားဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲများအား ကျောင်းသား/သူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့ပြီး အသစ်ရောက်ရှိလာသော စာအုပ်စာစောင်များ၊ ဒေသလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်ဗီနိုင်းပါ ဆောင်းပါးများ၊ ပညာပေးစာစောင်များ၊ မှတ်တမ်းဓါတ်ပုံများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဗီနိုင်းများအား ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)