ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန်    ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ညီညီနိုင်(မြန်မာပြန်)၏ “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း၊  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်း စသည့်စာဖတ်ဝိုင်းဆွေးနွေးပွဲမှ ရရှိသည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် ဒေါ်မို့မို့စံက “Dreaming စိတ်ကူးယဉ်အိပ်မက်မက်ခြင်း” ခေါင်းစဉ်မှ လှပတဲ့အရာတွေကို မျှော်လင့်ရည်မှန်းမှု မအောင်မြင်ခင်မှာ အောင်မြင်မှု လိုချင်တပ်မက်စိတ် မွေးဖို့အတွက် စိတ်ကူးယဉ်အိပ်မက်မက်ပေး ရန်လိုအပ်ကြောင်း၊ အသိစိတ်နဲ့ယှဉ်တဲ့ နိုးလျက်မက်တဲ့ စိတ်ကူးယဉ်အိပ်မက်ဟာ လိုချင်တာမှန်သမျှ ရရေးမှာ မရှိမဖြစ် လိုအပ်ကြောင်းကိုလည်းကောင်း၊ မနေခြည်နှင်းလွှာက “Basking in Success အောင်မြင်မှု နေပူစာလှုံ” ခေါင်းစဉ်မှ အောင်မြင်မှုရဖို့ အောင်မြင်သူတွေနဲ့ ပူးပေါင်းရမယ်။ အောင်မြင်ရေးစာအုပ်တွေ အပတ်တကုပ် ဖတ်ရမယ်။ အမှားအမှန်ကို စိစစ်ခွဲခြား ရွေးချယ်နိုင်တဲ့အစွမ်းကို မြင့်မားတိုးတက်အောင် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ မောင်ဖြိုးစစ်ပိုင်က “Failures are Pillers of Success Learning From Mistakes ဆုံးရှုံးမှုများသည် အောင်မြင်မှု၏ ဒေါက်တိုင်များဖြစ်၍ အမှားများမှ သင်ခန်းစာယူပါ” ခေါင်းစဉ်မှ ကိုယ်မှားမှာစိုးပြီး နောက်တွန့်နေတာနဲ့ အသစ်တစ်ခုကို ဖန်တီးဖို့ ကြောက်ရွံ့မနေသင့်ကြောင်း၊ အောင်မြင်မှုဟာ ကျေးဇူးသိတတ်ခြင်း၊ လေ့လာသုံးသပ်ခြင်းနဲ့ အမှားထဲကအဖြေမှန်ရအောင် ထုတ်ယူခြင်းအပေါ် မူတည်ကြောင်း၊ အမှား ဆိုတာ အပြုသဘောဆောင်တဲ့အမြင်နဲ့ အသုံးချတတ်ရင် ရလာဒ်ကောင်းအဖြစ် ပြောင်းလဲသွားနိုင် ကြောင်းကိုလည်းကောင်း၊ ညီညီနိုင်(မြန်မာပြန်)၏ “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)