ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဟိုမိန်း ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းမှ Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေမှရရှိသော အသိပညာဗဟုသုတများရရှိ၍ အကျိုးကျေးဇူးကောင်းများ ရရှိလာခြင်းစသည့် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာမှ Youth Club အဖွဲ့ဝင် မောင်ဟန်နိုင်စိုးက လူငယ်နှင့်အမှားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြူဖြူဆွေက လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ငြိမ်းချမ်းအောင်က လူငယ်နှင့်စူးစမ်းစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းမွေနွမ်းက လူငယ်နှင့်အလှအပခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော Youth Club အဖွဲ့ဝင်များမှ  သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)