ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာ အားကစားပြိုင်ပွဲများအား အခြေခံပညာကျောင်းများ၌ ကျင်းပ

ဝမ်းတွင်း  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၁)တွင် အားကစားပြိုင်ပွဲများအား ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်က ဒီဇင်ဘာ အားကစားပြိုင်ပွဲများကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား၊ကျောင်းသူများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အားကစားသည် ကျောင်းသား၊ကျောင်းသူများအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်လက်လှုပ်ရှား အားကစားသည် ကလေးငယ်များအတွက် အသိဥာဏ်ဖွံ့ဖြိုးစေရန် အထောက်ကူပေးရုံသာမက ကျန်းမာကြံ့ခိုင်ခြင်းကိုပါ ပေးစွမ်းနိုင်ကြောင်း အားကစားပြုလုပ်ပေးခြင်းဖြင့် ရွှင်လန်းသော စိတ်၊ ထက်မြက်သော ဦးနှောက်ကို ပိုင်ဆိုင်နိုင်ပြီး သင်ခန်းစားများကို အလွယ်တကူမှတ်သားနိုင်ကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၁)အနေဖြင့် ဒီဇင်ဘာ အားကစားပြိုင်ပွဲတွင် အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲ(ကျား)၊(မ) ၊ အပြေးပြိုင်ပွဲ (ကျား၊မ)၊ အပ်ထိုး၊ စာအုပ်ရွက်(မ)၊ အလယ်တန်းအဆင့်တွင် အပြေးပြိုင်ပွဲ၊ စာအုပ်ရွက်နှင့် သံပရာသီး ဇွန်းကိုက် ပြိုင်ပွဲများ၊ မူလတန်းအဆင့် ပြိုင်ပွဲများတွင် ကြယ်သီးတပ်ပြိုင်ပွဲနှင့် ပူလုံးဖောက်၊ အိပ်စွပ်ပြေး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်နှင့် ဆရာ/ဆရာမများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)