ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု

ရှမ်းရွာသစ် ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ပိုများလာကြောင်း  သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ်မိုးသောက်ပန်းဂျာနယ်၊ ရွှေသွေးဂျာနယ်၊ Happy Time၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်စာအုပ်များ စသည့်စာအုပ်၊ စာ‌စောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များ၊ ကလေးစာပေများဖတ်ရှုခြင်း၊  စာကြည့်တိုက်သည် ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Show များနှင့်  သင်တန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများပျော်ရွှင်စေရန်နှင့် စိတ်အေးချမ်းစွာစာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးများစိတ်ကြိုက်ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စကားပုံများဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြတိုက်ငယ်တွင်လည်း ဒေသရှိကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်များ၊ အထင်ကရနေရာမှတ်တမ်းဓာတ်ပုံများကိုလည်း ကျောင်းသား/သူလေးများက စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း  သိရသည်။

ဇင်လေး(ပြန်/ဆက်)