သံတောင်ကြီး ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် သံတောင်ကြီးအမျိုးသမီးများအဖွဲ့မှဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးအမျိုးသမီးများအဖွဲ့မှ ဒေါ်ခင်ထားရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့စည်းရုံးရေးမှူး ဒေါ်နော်ယွာစေးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အစည်းများ၏ဆောင်ရွက်မှုများ၊ အမျိုးသမီးများတပိုင်တနိုင် အသက်မွေးဝမ်းမှုအတွက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်အမျိုးသမီးများက သိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ