တာလေ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်ပြပွဲတွင် အများပြည်သူများ စာဖတ်သည့်အလေ့အထများရရှိကာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အမှား၊အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိ စေရန် ရည်ရွယ်ကာ သုတ၊ ရသစာအုပ်များဖြင့် စုံလင်စွာခင်းကျင်းပြသခဲ့ပြီး အသိပညာပေးနံရံကပ် စာစောင်တွင် ကလေးအလုပ်သမားပပျောက်အသိပညာပေး အကြောင်းအရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးအကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ကဏ္ဍအလိုက် စုံလင်စွာပြသပေးခဲ့ရာ ပြည်သူများ လာရောက်လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)