မိုင်းနောင်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း ဆောင်ရွက်

မိုင်းနောင် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းနောင်တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်နန်းမေထားနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့်တပ်ရင်း၊ တပ်ဖွဲ့များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ငှက်ဖျား၊ AIDSနှင့် အခြားရောဂါများရှိ/မရှိစစ်ဆေးပေးခြင်း၊ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများ၊ ပိုလီယိုရောဂါကာကွယ်ဆေးများ  ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၇၅)ဦး၊ ကလေးငယ်(၈၃)ဦးတို့ လာရောက်ထိုးနှံ၍ ဆေးတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)