ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇကစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ဓမ္မရာဇက စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ တန်ဆောင်းတော်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား ဖွင့်လှစ်သည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဘဒ္ဒန္တပဏ္ဍိတ (အလိုတော်ပြည့် စာသင်တိုက်) ဆရာတော်အရှင်သူမြတ်မှ ဩဝါဒစကားမြွတ်ကြားတော်မူသည်။ ဆက်လက်၍ ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူနိုင်ရေး နာယပအဖွဲ့၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်အသီး သီးခွဲဝေလုပ်ကိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆေးနွေးခဲ့ကြကြောင်း သိရသည်။
ဓမ္မရာဇကစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ ဓမ္မရာဇကစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း