မိတ္ထီလာ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုအဖွဲ့မှ ရှမ်းမငယ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က ရှမ်းမငယ်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိထံမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိနှင့်အတူ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသမှုအဖွဲ့သည် မိတ္ထီလာမြို့နယ် ရှမ်းမငယ်ကျေးရွာတွင် အထူးကု ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အထွေထွေရောဂါ (ဆေးပညာ)လူနာ ၈၃ ဦး၊ မျက်စိလူနာ ၆၇ ဦး၊ အရိုးလူနာ ၁၀၂ ဦး၊ ကလေးလူနာ ၃၉ ဦး၊ သားဖွားမီးယပ်လူနာ ၈ ဦး၊ ခွဲစိတ်လူနာ ၂၁ ဦး၊ သွားလူနာ ၅၄ ဦး စုစုပေါင်းလူနာ ၃၇၄ ဦးအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၎င်းလူနာများထဲမှ လူနာ ၁၇ ဦးအား ECG ဆွဲခြင်း၊ လူနာ ၂၇၅ ဦးအား RBS သွေးဖောက်ခြင်းနှင့် ၂၅ ဦးအား သွားနှုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အထူးကုဆေးကုသမှုအဖွဲ့သို့ လာရောက်ပြသသည့် လူနာ ၃၇၄ ဦးအနက်မှ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောအထွေထွေရောဂါ (ဆေးပညာ) ၁၀ ဦး၊ မျက်စီလူနာ ၁၂ ဦး၊ အရိုးလူနာ ၈ ဦး၊ ကလေးလူနာ ၁၁ ဦး၊ သားဖွားမီးယပ်လူနာ ၄ ဦး၊ ခွဲစိတ်လူနာ ၁၉ ဦးနှင့် သွားလူနာ ၁၀ ဦး စုစုပေါင်း လူနာ ၇၄ ဦး တို့ကို မိတ္ထီလာမြို့၊ အထွေထွေရောဂါဆေးရုံကြီးသို့ ဆက်လက်သွားရောက်ကုသမှုခံယူရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)