တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ရွာမှ လေဘေးသင့်မိသားစုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

တနင်္သာရီ ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တမုတ်ချုန်းကျေးရွာအုပ်စု-ရှမ်းအင်းတော်ကျေးရွာတွင် (၅-၁၂-၂၀၂၃) ရက်နေ့ ည ၁၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးပြိုလဲဆုံးရှုံးခဲ့သည့် ဦးတင်အေး-ဒေါ်အေးစန်းတို့၏ လေဘေးသင့်မိသားစု(၈)ဦးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က ဆန်ဖိုးထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် မိသားစုတစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက တန်ဖိုး(၉၂၈၉၄ကျပ်)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံးကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆန်းက မိသားစုဝင်(၈)ဦးအတွက် ဆန်ဖိုး(၇)ရက်စာအတွက် (၁၆၈၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ် တို့ကိုလည်းကောင်း၊ အလားတူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ခွဲမှူးနေလင်းထက်က မိသားစုသုံးတစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများပါသော ပုံးတစ်ပုံး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် သောက်ရေသန့်ပုံးတို့ကို လည်းကောင်း အိမ်ရှင်ဒေါ်အေးစန်းထံသို့ ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)