ပျဉ်းမနား ဒီဇင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ် - ၂ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် လူငယ်များ၏ဘဝများ မြင့်မားတိုးတက်လာရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သောမျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရင်း မိမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) က “မင်္ဂလာရှိသောနေ့” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်နှင့် အမှတ် - ၂ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူမြင့်တို့က အမျိုးသားစာပေဆုရှင် ဆရာချစ်နိုင် (စိတ်ပညာ) အား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ အမျိုးသားစာပေဆုရှင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) က ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းသော စာအုပ်/ စာစောင်များအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)