လားရှိုး ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအတွက် အခြားမြို့နယ်များတွင်နေထိုင်ကြသည့် စေတနာရှင်အလှူရှင်များက အသုံးအဆောင်ပစ္စည်းများ ပေးပို့လှူဒါန်းကြကြောင်း သိရသည်။
အလှူရှင်များသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့နယ်များမှဖြစ်ပြီး လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးပို့လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းရုံးကို ဆက်သွယ်ပြီး အလှူရှင်တွေက ပေးပို့လှူဒါန်းလာကြတာတွေရှိပါတယ်။ ဒီပစ္စည်းတွေကို ကျွန်တော်တို့ကလိုအပ်တဲ့ ယာယီနေရပ်စွန့်ခွာစခန်းတွေမှာ နေထိုင်ကြသူတွေအတွက် ဖြန့်ဝေပေးသွးမှာပါ။”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအပါအဝင် ယာယီတိုက်ပွဲရှောင်စခန်း(၂၀)နီးပါးခန့်ထိ ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)