အာဆီယံ-ဂျပန်ဗဟိုဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အကောင်အထည်ဖော်ဆောင်ရွက်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၁၂

အာဆီယံ-ဂျပန် ဗဟိုဌာန၏ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အကောင်အထည်ဖော် ဆောင်ရွက်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃)မျိုးဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့နယ် Heritage Hotel ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ZOOM ဖြင့် သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပုဂံဒေသအတွင်းဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

အာဆီယံ-ဂျပန်ဗဟိုဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အကောင်အထည်ဖော် ဆောင်ရွက်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးဝန်ဆောင်မှုသင်တန်း၊ သင်တန်း(၃)မျိုးတို့အား ဧည့်ကြိုသင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းကို Aureum Palace HoTEL တွင်လည်းကောင်း၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးဝန်ဆောင်မှုသင်တန်းကို Heritage Hotel တို့တွင် နေ့စဉ်နံနက် ၈ နာရီခွဲအချိန်မှ နေ့လယ် ၁၂ နာရီခွဲအချိန်အထိ နှစ်ပတ်သင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့်ဝန်ထမ်းများ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)ဥက္ကဋ္ဌဦးဇော်ဝိတ်နှင့် ဟိုတယ်မန်နေဂျာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း