မိတ္ထီလာမြို့နယ် ရေချိုကျေးရွာ အ.ထ.က ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရေချိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌  လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါ လူငယ်စကားဝိုင်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ကိုသစ္စာ(ထီလာ)က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင် လူငယ်များ မိတ္တဗလ၊ ဘောဂဗလ၊ ကာယဗလ၊ ဉာဏဗလနှင့် စာရိတ္တဗလ ဖွံ့ဖြိုးတက်စေရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပမှု အခြေအနေများနှင့် ကျင်းပရသည့် ရည်ရွည်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ် ဒေါ်မျိုးချိုချိုထက်က လူငယ်စကားဝိုင်း ကျင်းပပြုပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်၍ ကျောင်းသူ/ကျောင်းသား ငါးဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ဝါသနာ၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်များဖြင့် ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသူ/ကျောင်းသားများမှ ပါဝင်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းသာ