ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်ဆောင်ရွက်

ဘားအံ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းအသီးသီးက ရေးဆွဲအဆိုပြုခဲ့ပြီး ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်နယ်၏ ဦးစားပေးမူဝါဒများအပေါ်မူတည်၍ လမ်းညွှန် ချက်များနှင့်ကိုက်ညီမှုရှိစေရေး စိစစ်လမ်းညွှန်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်သာယာဝပြောရေး နှင့်စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး၊MSME စက်မှုလုပ်ငန်းများ ကိုအားပေးမြှင့်တင်ကာ ပြည်သူ့အတွက်အရေးတကြီးလိုအပ်သည့် အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန် အထောက်အကူပြုသည့် အသုံးစရိတ်များနှင့် ပြည်နယ်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု မည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအနေဖြင့် ထည့်သွင်းလျာထားရန်လိုအပ်ကာ ပြည်နယ်အတွက် အမှန်တကယ်လိုအပ်သည့် အချက်အလက်များကို ပေါင်းစပ်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်က အဆိုပြုတင်ပြထားသည့် လုပ်ငန်းစီမံကိန်းများသည် နိုင်ငံတော်၏ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၊ ပြည်နယ်၏ ဒေသန္တရစီမံကိန်း နှင့်ဒေသန္တရ(၅)နှစ်စီမံကိန်းလုပ်ငန်းစဉ်များကို အထောက်အကူပြုပြီး စီမံကိန်းကာလအတွင်း ဖြစ်နိုင်စွမ်းရှိသည့်လုပ်ငန်းများကိုသာ ဦးစားပေးထည့်သွင်းလျာထား ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်စီမံကိန်းမှူးဦးချစ်ဝေက ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းလျာထားပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၉၉၃၈၀ ဒဿမ ၃၁၂  သန်းဖြင့် ဆောင်ရွက်မည့် အဆိုပြုချက်(အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများအလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လုပ်ငန်းစီမံကိန်းအ ဆိုပြုချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)