ပျော်ဘွယ် ဒီဇင်ဘာ ၁၁
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ မောင်မိုးယံ ရေးသားသည့် “လူငယ်နှင့်စာပေမြတ်နိုးစိတ်” ဆောင်းပါးမှ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် ယနေ့ခေတ် လူငယ်အများစုမှာ စာပေနှင့် ကင်းကွာလာမှုနှင့် ပတ်သက်၍ ဖော်ပြထားခြင်းဖြစ်သလို စာပေနှင့်ကင်းကွာမှုမရှိစေရန် အတွက် တိုက်တွန်းထားသည့် အကြောင်းအရာများ ဖြစ်ပါကြောင်း၊ စာပေလေ့လာဖတ်ရှုမှ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို အနာဂတ်ဘဝ မြှင့်တင်ရေးအတွက် ခွန်အားပေးထားသည့် အကြောင်းအရာများ ဖြစ်သောကြောင့် လူငယ်တိုင်းဖတ်သင့်သည့် စာအုပ်ကောင်းဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)