ငါန်းဇွန်မြို့၌ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ငါန်းဇွန် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ် (၁၊ ၂၊ ၃၊ ၄) အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၂)ဦးက ပုံပြင်ပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီး ဌာနရုံးမှ ဦးစီးအရာရှိ ဦးလှသိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဥမ္မာဝင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက ဒေါ်သန်းစိန်တို့က အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲအပြီးတွင်မှ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပြိုင်ပွဲသို့ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များကိုလည်းကောင်း၊ ပြန်/ဆက်ရုံးရှေ့၌ ပြသထားသော သဘာဝဘေး အန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်ဓာတ်ပုံ၊ စာစောင်များအားလည်းကောင်း စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။                        

သက်နောင်ဦး(ငါန်းဇွန်)