နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း လည်ပတ်နိုင်သည့် အထင်ကရခရီးစဉ် (၃၈)နေရာများနှင့်ပတ်သက်၍ မြှင့်တင်ကြော်ငြာမှုလုပ်ငန်းများကို ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာစကားအခြေခံသင်တန်းများနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးရမှာဖြစ်ကြောင်း၊ မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ရာသီအလိုက်ပွဲတော်များ ကျင်းပနိုင်ရေးနှင့် နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် ခရီးသွားကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံသားများအားလုံးအတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍ တစ်ခုလည်းဖြစ်ပါကြောင်း၊ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအပေါ် သက်ရောက်နေလျက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း(MSMEs)ထုတ်ကုန်များကို တိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ စွန်းဦးတီထွင်မှုလုပ်ငန်းများ ထုတ်လုပ်နိုင်ရေးကို အလေးထားပြီးဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လာစေရေးအတွက် သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများရရှိစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးသွားနေရာများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ လာရောက်တည်းခိုနေထိုင်ရေးနှင့် လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများ အလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)