နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်းအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(တိုင်းအဆင့်) အမှတ်စဉ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်မျိုးစုံကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့ခံစားနေရပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို နိုင်ငံတိုင်းသာမက လူတိုင်းအထူးဂရုပြုသတိထားရမည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ စသည့်ကဏ္ဍအလိုက် ထိခိုက်ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဘေးအန္တရာယ် တစ်ခုချင်းစီအလိုက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ ယခုသင်တန်းတွင် တက်ရောက်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတလူမှုရေးအဖွဲ့အစည်းများအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သေချာစွာနားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးစီမံခန့်ခွဲမှု အခြေခံသင်တန်းများကို တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ကြက်ခြေနီ၊ ဒေသခံပြည်သူလူထုနှင့် ပရဟိတအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချ/ဆွေးနွေးမှုများအား စိတ်ဝင်တစား ဂရုတစိုက်သင်ယူ မှတ်သားလေ့လာပြီး ရရှိသည့်အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိတို့မြို့နယ်များတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သင်တန်းသား၊ သင်တန်းသူအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သင်တန်းသင်ထောက်ကူပစ္စည်းများကို ကြည့်ရှုအားပေးသည်။
အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီနှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလကို ဒီဇင်ဘာ(၁၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ငါးရက်ကြာဖွင့်လှစ်မည်ဖြစ်ကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ခြင်း၊ ထိခိုက်ခံရမှု ထိတွေ့နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အန္တရာယ်မျိုးစုံပါဝင်သော ဘေးန္တရာယ်စီမံခန့်ခွဲမှု၊ သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)