လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့်  စာဖတ်ဝိုင်းကျင်းပ

လိပ်သို     ဒီဇင်ဘာ   ၁၁

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့် ပညာရပ်ဆိုင်ရာစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်  ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိ အမြင်ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ် ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေး ပြောကြာခဲ့သည်။

ဆက်လက်၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ယွန်းနဒီဦး က “ဆရာမတိုက်ကျွေးသောအားဆေးစကား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် နော်အေးအေးနွယ်က “ပညာတတ်ဖို့ စာဖတ်ရမည်” ခေါင်းစဉ်အောက်မှ  ပထမအရွယ်မှာ ပညာရှာဆိုသောစကား သည် ရှေးကတည်းကပေါ်ပေါက်ခဲ့သော စကားဖြစ်သော်လည်း ယနေ့အထိ မှန်နေဆဲ၊ ခေတ်မီနေဆဲ ဖြစ်ကြောင်း၊ ပထမအရွယ်ဟုခေါ်သော အသက် ၂၅ နှစ်အထိကာလမှာ ပညာရှာ၍ အကောင်းဆုံး ကာလဖြစ်ကြောင်း၊ အသိအမြင်တိုးပွားအောင် လုပ်သည့်နည်းများတွင် စာဖတ်ပြီး အသိအမြင်ရှာ သည့်နည်းသည်  လွယ်ကူသလောက် ထိရောက်ထက်မြက်သောနည်းဖြစ်ကြောင်း စသည့်အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများအသိပညာဗဟုသုတ များပိုမိုရရှိရေးအတွက် အပတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)