မိုင်းဆတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီက အ.မ.က(ဟိုနား) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးလင်းထင်ကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းဆတ်ခရိုင်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ဒေါ်ခိုင်သဲစုပိုင်က တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ကာ အချိုရည်နှင့် အာဟာရမုန့်များ ဝေငှပေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့်ဆိုးကျိုး အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)