ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး

ဟိုပုံး ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ အားကစားကွင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည်။

လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းခိုင်ဦးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းအခြေခံပညာကျောင်းများမှ ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၃၈)ဦး စုစုပေါင်း(၅၀)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်နှင့် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေများဖြေဆိုခဲ့ကြပြီး၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများဖြစ်သည့် ကျား/မ မီတာ(၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)အပြေးနှင့် လက်ထောက်မှောက်တင်၊ အိပ်ထမတင်၊ ရပ်လျက် အလျားခုံစသည်များ ဆက်လက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါလူရည်ချွန်ရွေးချယ်ခွင့်  မြို့နယ်အဆင့် ထူးချွန်ဖြေဆိုအောင်မြင်သူများကို ခရိုင်အဆင့်သို့ သွားရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)