မိုင်းဆတ်မြို့နယ် အ.မ.က(ဝိန်းဝိုင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်(၉)နာရီအချိန်က အ.မ.က(ဝိန်းဝိုင်)ကျောင်းသို့ ကွင်းဆင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘက်စုံထူးချွန်ထက်မြက်ပြီး အမှားအမှန်ဝေဖန် ပိုင်းခြားတတ်စေရန် ဦးနှောက်ခွန်အားဖြစ်စေမည့် စာပေများ လေ့လာဖတ်ရှုကြရန်လိုကြောင်း၊ အားလပ်ချိန်များတွင် မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေးဟောပြောကာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ အသံထွက်မှန်ကန်ကောင်းမွန်စွာ ဖတ်ရှုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗလာစာအုပ်များပေးအပ်ချီးမြှင့်ခဲ့ပြီး အချိုရည်နှင့် အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ရွေးချယ်ဖတ်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)