ရှမ်းရွာသစ်မြို့တွင်  ဝါးအုပ်ဆောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ်    ဒီဇင်ဘာ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အပိုဝင်ငွေရရှိရန်အတွက် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြု၍ရသော ဝါးအုပ်ဆောင်းများ တစ်ပိုင်တစ်နိုင်ရက်လုပ် ရောင်းချလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါးအုပ်ဆောင်းများရက်လုပ်ရာတွင် ရှေးဦးစွာ ဝါးကို ခွဲခြမ်းစိတ်ဖြာပြီး သေချာစွာ စနစ်တကျ လိုသလောက် ပုံစံအတိုင်း ရက်လုပ်ရကြောင်း၊ အုပ်ဆောင်းတစ်ခုကို တစ်ပတ်ခန့်အချိန်ပေးရကြောင်း၊ ယခင်က မွေးမြူရေးအုပ်ဆောင်းများကို လှိုင်းဘွဲမြို့မှတစ်ဆင့် ဝယ်ယူရသော ကြောင့် ကုန်ကျစရိတ်ပိုပေးရသဖြင့် အခက်အခဲရှိကြောင်း၊ ယခုဆိုလျှင် မိမိတို့ဒေသအတွင်း တစ်ပိုင်တစ်နိုင် ရက်လုပ်ရောင်းချလာသဖြင့် ကုန်ကျစရိတ်နည်းပါးသည့်အပြင် လိုအပ်သည့်အချိန်တွင် အချိန်မရွေး ဝယ်ယူနိုင်သဖြင့် အဆင်ပြေကြောင်း၊ ဝါးအုပ်ဆောင်းတစ်ခုလျှင် အရွယ်အစားပေါ်မူတည်၍ ငွေကျပ် (၅၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိရသဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဝါးအုပ်ဆောင်းလုပ်ငန်း ရက်လုပ်သည့် ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)