ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုသဘင်နှင့်စာတော်ဖြေ အခမ်းအနားကျင်းပ

ပုလော  ဒီဇင်ဘာ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုသဘင်နှင့် စာတော်ဖြေအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး၊ လယ်ဝိုင်းကျောင်းတိုက် ဆရာတော် ဒေါက်တာကောဝိဒက ပုလောမြို့နယ်တွင် ဗုဒ္ဓ၏ ဂုဏ်တော်ကို ရည်မှန်း၍ ထောက်ပံ့ပေးသူ၊ စာပေလေ့လာဆည်းပူးသူနှင့် စာချပေးသူ ညီညွှတ်စွာဖြင့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်စာတော်ဖြေကို ကျင်းပခဲ့သည့်မှ (၁၁)ကြိမ်မြောက် ရှိခဲ့ပြီးကြောင်း၊ နောင်မျိုးဆက်သစ်လူငယ်များကိုလည်း လက်ဆင့်ကမ်းပေးနိုင်ကြစေဖို့ ကြိုးစားဆောင်ရွက်ပေးကြဖို့ မိန့်ကြား တော်မူသည်။

ဆက်လက်၍ သာသနာတော်နှစ်- ၂၆၆၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်အောင်မြင်သူ အဘိဓမ္မာ ရိုရိုး ၅၅ ဦး၊ အဘိဓမ္မာ ရိုးရိုး (ဒုတိယအဆင့်) ၅ ဦး၊ အဘိဓမ္မာရိုးရိုး (တတိယအဆင့်) ၆ ဦး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ပထမ၊ ဒုတိယ၊ တတိယအဆင့်)အောင်မြင်သူ   ၁၁ ဦးနှင့် ဝိသုဒ္ဓိ မဂ် ၁ ဦး စုစုပေါင်း ၇၈ ဦးကို ဆရာတော် သံဃာတော်အရှင်သူမြတ်များက အောင်လက်မှတ်များ ချီးမြှင့်တော်မှုခဲ့သည်။

ထို့နောက် သာသနာတော်နှစ်- ၂၆၆၇၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်အတွက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်ကို မွန်းတည့် ၁၂ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ အဘိဓမ္မာရိုးရိုးတွင် ဝင်ရောက်ဖြေဆိုသူ ၂၃ ဦးနှင့် ဝိသုဒ္ဓိမဂ် တွင် ဝင်ရောက်ဖြေဆိုသူ ၃ ဦး စုစုပေါင်း ၂၆ ဦးဝင်ရောက်ဖြေဆိုခဲ့ ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)