မိုင်းယု ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် အဖွဲ့သည် မိုင်းလွေကျေးရွာအုပ်စု ပြည်သူများအား စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း၊ အတွင်းရေးမှူး ခရိုင်ဒုတိယရဲမှူးကြီး သောမတ်(ခ)လော်ခယ်၊ အဖွဲ့ဝင်(၃) ခရိုင်လဝကဦးစီးမှူး ဦးအေးကိုကိုစုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ မီးခိုးမြူငွေ့ကင်းစင်ရေး တောင်ယာခုတ်ထွင်ရှင်းလင်းခြင်းနှင့် တောင်ယာမီးရှို့ခြင်းမပြုစေရေး၊ ငါးလျော့တိုက်ခြင်းများမပြုလုပ်စေရေး၊ မီးတားလမ်းကိုလည်း အကျယ်(၁၆)ပေခန့် ပြုလုပ်ထားရန်နှင့် မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် မိုင်းလွေကျေးရွာအုပ်စုပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူတို့က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်