ပုလောမြို့နယ်၌  နွေစပါးနှင့်ဆောင်းသီးနှံစိုက်ဧကများအတွက် ဓာတ်မြေဩဇာများပေးအပ်

ပုလော   ဒီဇင်ဘာ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နွေစပါးနှင့်ဆောင်းသီနှံ စိုက်ဧကများအတွက် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက စိုက်ပျိုးသူတောင်သူများအနေဖြင့် ဝင်ငွေတိုးပွားစေရန် နည်းမှန်၊ လမ်းမှန်၊ မျိုးစေ့မှန်ကန်စွာ စိုက်ပျိုးကြစေလိုကြောင်း၊ ယခုနှစ်တွင် အယ်လ်နီညိုရာသီကို ခံစားရနိုင်၍ တောင်သူများအနေဖြင့် သတင်းအမှန်ကို သိရှိရန် လိုအပ်ကြောင်းနှင့်  အဆိုပါဓာတ်မြေဩဇာ များကိုလည်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအေးဝင်းက ဌာနအနေဖြင့် နွေစပါးနှင့် ဆောင်းသီနှံ စိုက်ဧကများအတွက် ဓာတ်မြေဩဇာထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဓာတ်မြေဩဇာများကို တတိယအကြိမ်အထိ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုစတုတ္ထအကြိမ်တွင် အိတ်ရေ ၅၀၀ကို တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)