ပင်းတယမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပင်းတယ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)၌ စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်ဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)ရှိ ပညာ့ရောင်ခြည်ခန်းမအတွင်း၌ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ယနေ့ပြည်ထောင်စုသမ္မတနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၁၂)ရပ်အနက်မှ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေးကို အရေးကြီးကဏ္ဍတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အားဆိုသည့် အင်အား(၃)ရပ် တောင့်တင်းခိုင်မာစေရန်အတွက် နိုင်ငံသားတွေရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွဲ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်ဟာပညာရေးဖြစ်ပြီး၊ ပညာရေးမှာလည်း အခြေခံပညာကဏ္ဍကပိုပြီး အဓိကကျတယ်ဆိုတာအားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ကျောင်းသူများကို အခြေခံပညာအဆင့် အောင်မြင်ရုံသာမက ရှေ့အနာဂတ်ဘဝခရီးအတွက် လည်းကိုယ်တိုင်စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်သူများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သူများ၊ အကျင့်စာရိတ္တကောင်းမွန်သူများ၊ နိုင်ငံတော်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်သူများ၊ အမျိုးဘာသာသနာကို ကာကွယ်စောင့်ရှောက်သူများ၊ တာဝန်သိမှုတာဝန်ခံမှု၊ တာဝန်ယူမှုရှိပြီး နိုငံတော်အကျိုး သယ်ပိုးထမ်းဆောင်နိုင်သူများဖြစ်လာစေရန် ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ အမျိုးသားရေးအမြင်၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အောင်အင်းလေးဆောက်လုပ်ရေးကုမ္ဗဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်လတ်လတ်အောင်က ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစိုးသန့်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံများပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစိုးသန့်က စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၃၂၅ ဒသမ ၉၆၂)ဖြင့် အလျား(၁၄၀)ပေ၊ အနံ (၃၀)ပေ RC နှစ်ထပ် ကျောင်းဆောင်သစ်အား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့အထိ “အောင်အင်းလေး”ဆောက်လုပ်ရေးကုမ္ဗဏီမှ တာဝန်ယူဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ဒေသပြန်/ဆက်)