တာချီလိတ်မြို့၌ (၁၆)ကြိမ်မြောက် အာခါတိုင်းရင်းသားများစုပေါင်း ခါးထောင်းဖါးပွဲတော်ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အာခါတိုင်းရင်းသားတို့၏ (၁၆)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖားပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီက တာချီလိတ်မြို့၊ ပါလျှံ ၁ ရပ်ကွက်၊ တာဟွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက အာခါတိုင်းရင်းသားများသည် အာခါ “ဇန်း” ခေါ် ယုံကြည်ကိုးကွယ်မှုဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပြင် ထူးခြားသည့် ဝတ်စားဆင်ယှဉ်မှုကိုလည်း ယနေ့တိုင် ဖော်ထုတ်ထိန်းသိမ်းလျက်ရှိကြောင်း၊ ဘိုးဘေးတို့အား အောင်းမေ့ဂုဏ်ပြုသော ကောင်းသောအကျင့်နှင့်အတူ ပွဲတော်များအားကျင်းပခြင်းဖြင့် ထိန်းသိမ်းလာခဲ့ကြောင်း၊ ခါးထောင်းဖါးပွဲတော်ကို စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် မိမိ၏ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ဆောင်နိုင်ကြပါစေကြောင်း အမှာစကားပြောကြားပြီး၊ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက အာခါရိုးရာ စုပေါင်းခါးထောင်းဖါးပွဲတော် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အာခါတိုင်းရင်းသားများ စုပေါင်းခါးထောင်းဖါးပွဲတော်အတွက် အလှူငွေများ ပေးအပ်ရာပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးချစ်ကြွေ၊ အဖွဲ့ဝင် ဦးအားမဲနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် အာခါတိုင်းရင်းသားမောင်မယ်များက ရိုးရာအကနှင့် တေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှု့အားပေးကြသည်။

အာခါတိုင်းရင်းသားတို့သည် ခါးထောင်းဖါးပွဲတော်ကို ရှေးပဝေဏသီကတည်းက မိသားစုအလိုက်၊ ရပ်ရွာအလိုက်နှင့် ဒေသအလိုက်သာ ကျင်းပခဲ့ကြပြီး ယခုအခါ အာခါတိုင်းရင်းသားညီကိုများ၏ စည်းလုံးညီညွတ်ခြင်းကိုအခြေခံကာ အာခါတိုင်းရင်းသားများစုပေါင်း ခါးထောင်းဖါးပွဲတော်အဖြစ် ကျင်းပလာခဲ့သည်မှာ (၁၆)ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)