မံစီ ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မောရဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း အသိပညာပေးလုပ်ငန်းကို ကျောင်းသားကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုတတ်လာစေရန်၊ စာကြည့်တိုက်များကို ပိုမိုလာရောက်အသုံးချတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ယနေ့လူငယ်နောင်ဝယ်လူကြီး ငယ်ရွယ်စဉ်မှစ၍ စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်ဖြိုးအောင်က မီးဘေးအန္တရာယ်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောသရုပ်ပြခြင်း၊ ဒုတိယဉီးစီးမှူး ဒေါ်မြတ်နန်းခိုင်က မြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် စာအုပ်စာပေများအကြောင်းကို မိတ်ဆက်ရှင်းလင်း၍ အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် ကလေးသူငယ်အလုပ်သမား ပပျောက်ရေး၊ ကလေးစစ်သား အသုံးမပြုရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)