ညောင်ရွှေ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ် ညောင်ရွှေမြို့ မြို့မမင်္ဂလာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးဦးကျော်မျိုးလှိုင်က မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြသသည်။ ထို့နောက် ဈေးသူဈေးသားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စွာလင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးတင့်ဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ တက်ရောက်ကြည့်ရှုခဲ့ပြီး ဈေးဆိုင်ခန်းများအတွင်း မီးသုံးစွဲရောင်းချနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်