မိုင်းကိုင် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို လူငယ်နှင့်ခေါင်းဆောင်မှုပညာ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်အောင်မြင်ခြင်းတို့ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နန်းဖူးဆိုင်ဟွမ်နှင့် နန်းဟွမ်လင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ နန်းမြစိန်၊ မဖြူဖြူသင်း၊ မအိန္ဒြေကြည်လင်ဦးတို့က ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါစကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ ဒုတိယပညာရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းထွေးထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆွေးနွေးပွဲပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြောင်း သိရသည်။
နန်းအေးအေးသိန်း