ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ဟိုပုံး ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  နိုင်ငံသားတိုင်း နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ခွင့် အခွင့်အရေးရရှိစေရန် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးပြုလုပ်ပေးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အိမ်ထောင်စုစာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မွေးသက္ကရာဇ် မှန်ကန်မှုရရှိစေရေး ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့် သွေးစစ်ချက်များအား မြို့နယ်ဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးရာ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးခဲ့သည်။ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအားလုံး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)