ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ခေတ်သစ်-ရွှေကျမ်းအထူးထုတ် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ကျောက်တံတား ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် အသုံးချ နက္ခတ္တဗေဒပညာရှင် ဆရာရန်နိုင်ကျော်(နေပြည်တော်)၏ ခေတ်သစ်-ရွှေကျမ်းအထူးထုတ် စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပခဲ့ရာ နက္ခတ္တဗေဒပညာရှင်များ၊ အသုံးချနက္ခတ္တ(ဗေဒင်)ပညာ လေ့လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ခေတ်သစ်-ရွှေကျမ်းအထူးထုတ် စာအုပ်မိတ်ဆက်ပွဲတွင် အသုံးချ နက္ခတ္တဗေဒပညာရှင် ဆရာရန်နိုင်ကျော်(နေပြည်တော်)မှ စာအုပ်ဖြစ်မြောက်ရေး အချိန်ယူကြိုးပမ်းခဲ့ပါကြောင်း၊ အခြေခံနက္ခတ်ဗေဒင်ပညာများ ဆင့်ပွားပေးနိုင်ရန် ရည်ရွယ်ပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း၊ အခြေခံမှစ၍ လေ့လာနိုင်မည်ဖြစ်ကာ ပညာရှင်ဆရာများ၏ ကိုယ်တွေ့အဟောများပါဝင်ပါကြောင်း၊ အသုံးချ နက္ခတ္တဗေဒ(ဗေဒင်)ပညာကို အမှတ်တကယ် စိတ်ဝင်စားသူများအတွက် လေ့လာဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးရာ တက်ရောက်လာကြသည့် နက္ခတ္တဗေဒပညာရှင်များမှ ဝမ်းမြောက်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ခေတ်သစ်-ရွှေကျမ်းအထူးထုတ်စာအုပ်တွင် အခြေခံနက္ခတ်ဗေဒင်ပညာ၊ မူလ ဇာတာအား သုံးသပ်ခြင်း၊ ဂြိုလ်အစီးအမြင်ဖြင့် ဟောပြောခြင်းနှင့် အခြားစိတ်ဝင်စားဖွယ် အသုံးချ နက္ခတ္တဗေဒ(ဗေဒင်)ပညာရပ်များကို အသုံးချနက္ခတ္တဗေဒပညာရှင် ဆရာရန်နိုင်ကျော် (နေပြည်တော်)နှင့် ဆရာကြီး ဒေါက်တာဉာဏ်လင်း၏ တပည့်များက ကိုယ်တွေ့အဟောများဖြင့် ပါဝင်အားဖြည့်ထားကြောင်း သိရှိရပါသည်။              

မောင်အေးချမ်း