နမ့်စန်(တ) ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျင်းပလျက်ရှိသော မြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့နေ့လယ်၁နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မူလွန်တာဆိုင်းဘောလုံးအသင်းနှင့် မြို့မ(အ.ထ.က) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြို့မ(အ.ထ.က) ဘောလုံး အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါမြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
သူရအောင်(နမ့်စန်)