မိုင်းခုတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ တောင်သူများစိုက်ပျိုးထားသည့် ကြက်သွန်ဖြူ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုနှစ်တွင် ကြက်သွန်ဖြူဈေးကောင်းရရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်ဖြူကို စားသုံးပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အအေးမိခြင်း၊ ကင်ဆာရောဂါနှင့် ကိုလက်စထရောများခြင်းကို ကာကွယ်ပေးသည့်အပြင် ကြက်သွန်ဖြူသည် သွေးထဲတွင်ရှိသည့် အချိုဓာတ်(သကြားဓာတ်)ကိုလည်း ထိန်းညှိပေးသည့်အတွက် ဆီးချိုသွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ကြောင်းလည်း သိရသည်။
အဆိုပါ ကြက်သွန်ဖြူကိုမစိုက်ပျိုးမီ လယ်မြေအား ပေါင်းသတ်ဆေးဖြန်းဘောင်ဖော်ပြီး တစ်တန်းနှင့် တစ်တန်း(၄)လက်မခွာကာ တစ်ပင်နှင့်တစ်ပင်(၂)လက်မခြား ရေမြောင်းဖော်၍ မြေပျော့ပျောင်းအောင် ရေသွင်းထားရပြီး မြေပျော့ပျောင်းလာပါက အမွှာများပြုလုပ်ထားသည့် မျိုးကြက်သွန်ဖြူအား စတင်စိုက်ပျိုးကြပြီးလျှင် ရေအစိုဓာတ်ထိန်းထားနိုင်ရန် ကောက်ရိုးများ ဖုံးအုပ်ထားရကြောင်း၊ စိုက်ပြီးဘောင်အမြင့်နှင့်အညီ ရေပေးသွင်းရသဖြင့် မြေအစိုဓာတ်ပေါ်မူတည်၍ (၂)ပတ်လျှင် တစ်ကြိမ်ခန့် ရေထပ်မံသွင်းရကြောင်း၊ လက်ဖြင့်ပေါင်းနှိမ်နင်းလေ့ရှိပြီး၊ အပင်အားတိုးဆေး၊ ကြက်သွန်ဖြူဥဆင်းဆေးများကို ကြက်သွန်ဖြူအသက်ရက်အလိုက် အသုံးပြုရကြောင်းနှင့် ယခုစိုက်ပျိုးထားသည့် ကြက်သွန်ဖြူများ အောင်မြင်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်းတို့ကို တောင်သူ ဒေါ်နန်းနွန်းခို၏ ပြောကြားချက်အရ သိရသည်။
သီတာအေး(ပြန်/ဆက်)