ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဟန်းရှင်လူ၊ ပြည်သူအများဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်း ဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို အမှတ်(၉၃)ရပ်ကွက်၊ အောင်သုခပရိယတ္တိ စာသင်တိုက်၌ ယမန်နေ့ညနေ (၅)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍စတင်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အောင်သုခဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားချီးမြှင့်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုတို့အား ဆက်ကပ်လှူဒါန်းခဲ့ရာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်က ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းပွဲကို (၃.၁၂.၂၀၂၃)မှ (၈.၁၂.၂၀၂၃) ရက်နေ့ထိ ကျင်းပခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ