တောင်ကြီးမြို့၌ နဝမအကြိမ်မြောက် သက်ကြွယ်တွေ့ဆုံပွဲကျင်းပ

တောင်ကြီး      ဒီဇင်ဘာ     ၁၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အသက်(၆၀)နှစ် အထက် ကျား/မ မရွေး လူမျိုး ဘာသာ အဆင့်အတန်းမရွေး အားလုံးပါဝင်နိုင်သော နဝမအကြိမ်မြောက် သက်ကြွယ်များဆုံစည်းရာ သက်ကြွယ်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

တွေ့ဆုံပွဲတွင် သက်ကြွယ်တွေ့ဆုံပွဲကို ဦးဆောင်ဆောင်ရွက်နေသည့် ဒေါက်တာဘသိန်းဝင်းက တွေ့ဆုံပွဲကျင်းပဆောင်ရွက်ခြင်းသည် သက်ကြီးရွယ်အိုများ (သက်ကြွယ်များ) အိမ်ထဲတွင်သာ နေရ၍ အသွားအလာ လှုပ်ရှားမှုမရှိ၊ အထီးကျန်စိတ်အားငယ်မှု လျော့ပါးကင်းဝေးစေရန်၊ ငယ်ပေါင်းမိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံစည်းနိုင်စေရန်၊ မိတ်ဆွေသစ်များ တိုးပွားရရှိနိုင်စေရန်၊ သက်ရှိထင်ရှားရှိသူများ သတင်းဖလှယ်နိုင်စေရန်၊ ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်သတိရပြောဆို စကားဝိုင်းဖွဲ့ခြင်းဖြင့် စိတ်ဖိစီးမှုကင်းဝေး၍ လန်းဆန်း တက်ကြွစေရန် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ သက်ကြွယ်တွေ့ဆုံပွဲကို ပထမအကြိမ် (၄၈)ဦးနှင့် စတင်ကျင်းပခဲ့ရာ ယခုဆိုလျင် နဝမအကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ အကြိမ်တိုင်းကို မပျက်မကွက်တက်ရောက်ပေးကြတဲ့ သက်ကြွယ်များကို အထူးကျေးဇူးတင်ပါကြောင်း၊ သက်ကြွယ် တွေ့ဆုံပွဲကို လစဉ်ကျင်းပသွားမည်ဖြစ်သဖြင့် ပျော်ပျော်ရွှင်ရွှင်နှင့် ပါဝင်တက်ရောက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သကြပြီး ဒီဇင်ဘာလမွေးနေ့ရှင်များကိုဂုဏ်ပြုခြင်း၊ ခရစ်စမတ်သစ်ပင်အကြောင်းရှင်းပြခြင်း၊ ခရစ်စမတ်လက်ဆောင်များပေးအပ်ခြင်း၊ မိမိတို့၏ အတွေ့အကြုံများကိုပြောကြားခြင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ ဒီဇင်ဘာလမွေးနေ့ရှင် ဦးစိုင်းဖေသိန်းနှင့် ဒေါ်နုနုမာတို့က အလှူငွေများပေးအပ်ခြင်း၊ သီချင်းများသီဆိုကခုန်ခြင်းတို့ဖြင့် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)