ရန်ကုန် ဒီဇင်ဘာ ၁၀
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်သန်လျက် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သာသနာတော်(၃)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် (၁၀၅)ကြိမ်မြောက်အထိ ရောက်ရှိကျင်းပနိုင်ခဲ့ပြီဖြစ်သည်။
(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ ကြွရောက်တော်မူကြသည်။
ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် စေတိယင်္ဂဏစာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဌေးလှိုင်က အဖွင့်မင်္ဂလာစကားလျှောက်ထားပြီး စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲသြဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ စာလျှောက်မေးပွဲနှင့်စပ်လျဉ်း၍ သြဝါဒကထာနာယူကြသည်။
ယင်းနောက် "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီးနောက် အာဂုံပြန်ဆိုခြင်း အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့သည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲကို ၆၇ ကြိမ်မြောက်မှစတင်ကာ ယနေ့တိုင်ကျင်းပ၍ သာသနာ့အာဇာနည်အရှင်သူမြတ်များအား ပူဇော်ချီးမြှောက်လျက်ရှိရာ ယနေ့ကျင်းပသည့် (၁၀၅) ကြိမ်မြောက် စာမေးပွဲတွင် သီးခြားစာချတန်း ၃၈ ပါး၊ သီးခြားစာသင်တန်း ၂၁၂ ပါး၊ စာဖြေသံဃာစုစုပေါင်း ၂၅၀ ပါးတို့မှ ဒီဇင်ဘာ ၁၅ ရက်ထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ယနေ့တွင် သီးခြားစာသင်တန်းဖြေသံဃာတော် (၁၉၂)ပါးတို့က အာဂုံပြန်ဖြေဆိုကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ယင်းအာဂုံပြန် အောင်စာရင်းအား ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
ထို့အတူ ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်ထိနေ့များတွင် သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်း သဘောရေးဖြေ ဖြေဆိုကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် အောင်စာရင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါသည်။
အောင်မြင့်(ပြန်/ဆက်)