စမ်းချောင်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ကိုးထပ်ကြီး ဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲကို စမ်းချောင်းမြို့နယ်အတွင်းရှိ သီလရှင်နှင့် လူပုဂ္ဂိုလ်များထဲမှ ပထမဆင့် (ရိုးရိုး)ဖြေဆိုသူသီလရှင် (၃၇)ပါးနှင့် လူပုဂ္ဂိုလ်(၇၅)ဦး၊ စုစုပေါင်း(၁၁၂)ဦး၊ ပထမဆင့် (ဂုဏ်ထူးဆောင်) ဖြေဆိုသူ သီလရှင်(၆)ပါးနှင့် လူပုဂ္ဂိုလ်(၁၉)ဦး စုစုပေါင်း (၂၅)ဦး၊ ပထမဆင့်(ဝိသုဒ္ဓိမဂ်)ဖြေဆိုသူ လူပုဂ္ဂိုလ်စုစုပေါင်း (၅၀)ဦး၊ ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးကို ဒီဇင်ဘာလ (၉)ရက်မှ ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေသန့်နှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း