မိုင်းဖြတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လစဉ်တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ (၂၂) ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ယမ်းမိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝမ်ယမ်းမိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးတိက္ခဝိရောထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်လင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက တစ်ဆုပ်ဆန် ၂၄ ပြည်ပါ ၈ အိတ်၊ စားဆီ(၁၀)ပိသာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)