မြစ်သား ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ငါးဆူကျေးရွာအုပ်စု၌ ဆောင်းငရုတ်စိုက် ဒေသခံတောင်သူများနေဖြင့် ငရုတ်သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် အမျိုးမျိုး စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဆောင်းငရုတ်စိုက်ခင်းများ အပင်ဖြစ်ထွန်း၍ အသီးအထွက်နှုန်း ကောင်းမွန်သဖြင့် ဆောင်းငရုတ်သီးနှံစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် (၆၉၂) ငရုတ်မျိုးနှင့်Smin Is Sv (၉၅၁၂) Hm ငရုတ်မျိုးများ အဓိကထားစိုက်ပျိုးကြောင်း ငရုတ်သီးနှံများစိုက်ပျိုးရာတွင် ရေသွင်း၊ရေထုတ်လွယ်ကူစေရန်အတွက် ဘောင်များပြုလုပ်ကာ တစ်ပင် တန်း၊နှစ်ပင်တန်း(စွယ်စုံ)ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ဒေသခံတောင်သူတွေက ဆောင်းသီးနှံအချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် ဆောင်းငရုတ်သီးနှံစိုက်ပျိုးပြီး ငရုတ်အစို တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀)မှ(၆၀၀၀)ကျပ် ရောင်းချရကြောင်း သိရသည်။
ဆောင်းငရုတ် တစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အပြုအစုအပေါ်မှုတည်၍ ငွေကျပ်(၃၀)သိန်းမှ (၃၅)သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း အပင်ကောင်းပြီး အသီးအထွက်နှုန်းကောင်းပါက အခင်းဖျက်သိမ်းချိန်(ရာသီကုန်)တဲ့အထိ ဆောင်းငရုတ်သီးအစိုးပိဿာပေါင်း (၅၀၀၀) ပိဿာခန့်ရရှိကြောင်းနှင့် မြစ်သားမြို့နယ်တွင် ဆောင်းငရုတ်သီးနှံစိုက်ပျိုးခင်များကို ယာမြေများနှင့်ကိုင်းမြေများတွင် အဓိက ထားစိုက်ပျိုးကြောင်း ငါးဆူအုပ်စု ကျေးရွာနေ ဆောင်းငရုတ် တောင်သူ ဦးဇော်ခင်ထံမှ သိရသည်။
ဝင်းမင်းထွန်း