တာချီလိတ် ဒီဇင်ဘာ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ယမန်နေ့ မွန်းတည့် (၁၂) နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ စာမေးပွဲကို ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲတွင် အဘိဓမ္မာ(ရိုးရိုး)ဖြေဆိုသူ သီလရှင် (၁၄) ပါး၊ လူပုဂ္ဂိုလ် (၂၁) ဦးနှင့် ဝသုဒ္ဓိမဂ် ဖြေဆိုသူ လူပုဂ္ဂိုလ် (၁) ဦးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲကျင်းပရာတွင် တာချီလိတ်မြို့စာဖြေဌာန၌ စာမေးပွဲကြီးကြပ်ရေး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် သုဓမ္မာ၊ ရွှေကျင် အမှူးပြုသော အဖွဲ့ဝင်ဆရာတော် များဖြင့် ကျင်းပလျက်ရှိပြီး မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)