စဉ့်ကူးမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများ ကျင်းပ

စဉ့်ကူး    ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီအချိန်မှစ၍ ကိုယ်ကာယကြံ့ခိုင်မှုအတွက် အားကစားပြိုင်ပွဲများကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းနှင့် ရွှေရတုခန်းမတို့တွင် ကျင်းပခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ Grade-9 ၂၃ ဦး၊ Grade-10 ၁၂ ဦး၊ Grade-11 ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၄ ဦးတို့ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်အား ရေးဖြေဖြေဆိုခြင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့ဖြေဆိုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ(၈)ရက်နေ့တွင် ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့အား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကိုယ်ကာယ ကြံ့ခိုင်မှုအတွက် အပြေး မီတာ ၁၀၀၊ ၄၀၀၊ ၈၀၀ နှင့် လက်ထောက် မှောက်တွန်းတင်၊ ရပ်လျက် အလျားခုန်၊ အိပ်ထမတင်စသည့် အားကစား အမျိုးအစားများကို အတန်းလိုက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)