ရန်ကုန် ဒီဇင်ဘာ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မျက်မှောက်ကာလမှာလည်း အသင်းချုပ်အနေနှင့် ပုဂ္ဂလိကကဏ္ဍ တစ်ရပ်လုံးကို မြှင့်တင်ပေးမည့် ကမ္ဘာ့အဆင့်မီ ဦးဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ရောက်ရှိရေးမျှော်မှန်းပြီး ညီနောင် အသင်းများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်စွမ်းသာမက တီထွင်နိုင်စွမ်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆိုင်ရာ စွမ်းအားများ ရှိသည့်အတွက် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ရေရှည်တည်တံ့သည့် စီးပွား ရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍက တန်ဖိုးဖန်တီးပေးနိုင်သည့် (value creation) အခွင့်အလမ်းများ ရှိရုံသာမက အလုပ်အကိုင်များလည်းဖန်တီးပေးနိုင်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ ပုံစံမျိုးစုံနှင့် ပါဝင်နေပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကလည်းအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး တွင်လည်း ပုဂ္ဂလိကကဏ္ဍသည် အဓိကအချက်အချာကျသည့်အခန်းမှ ပါဝင်နေကြောင်း၊ ထို့ကြောင့်ပြည်တွင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ရေရှည်ရှင် သန်ဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍအလိုက် လိုအပ်ချက်များကို နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ နိုင်ငံတော်တွင် ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများကို ချိန်ညှိဆောင် ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြား ငွေများကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အနေဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်စည်များ၊ ပြည်ပသို့ပေးချေမည့် ကိစ္စရပ်များနှင့်လွှဲပို့ငွေများအတွက်လိုအပ် သည့်နိုင်ငံခြားသုံးငွေများကို စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေနှင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသား ရေးတာဝန်အဖြစ် ခံယူပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး၊ သွင်းကုန်တင်သွင်းသည့် နိုင်ငံအဖြစ်မှ ပို့ကုန်တင်ပို့ သည့် နိုင်ငံဖြစ်လာစေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းပေါများလာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အခွင့်အခါကြုံခိုက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံနှင့် ပံ့ပိုးဆောင်ရွက်ပေးနေမှုများဖြစ်သည့် ဘဏ္ဍာငွေရရှိရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် သိုလှောင်၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးတို့ကို သာဓကများနှင့် ရှင်းလင်းပြောကြားလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် ကုန်ထုတ်လုပ်နိုင်မှု စွမ်းအားသည် အဓိကအရေးကြီးပြီး ပြည်တွင်းထုတ်လုပ်မှုများတိုးတက်ပါက ပြည်တွင်းသုံးစွဲမှု ဖူလုံရုံ သာမက ပြည်ပသို့ တိုးတက်တင်ပို့လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို နိုင်ငံတော်အနေနှင့် စုပေါင်းဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ရာမှ နိုင်ငံခြားငွေလက်ဝယ် ပိုမိုရရှိစေရေးအတွက် မြန်မာကျပ်ငွေနှင့် လဲလှယ်ရမည့် နိုင်ငံခြားငွေပမာဏကိုလည်း ထပ်မံလျော့ချပေးခဲ့ကြောင်း၊ နိုင်ငံတော်ဘက်မှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အလေးထားပြီး ဆောင်ရွက်ပေးနေ သည့်အတွက် လုပ်ငန်းရှင်များဘက်ကလည်း ပို့ကုန်မှ ရရှိသည့် နိုင်ငံခြားငွေများကို အချိန်နှင့် တစ်ပြေးညီ ပြည်တွင်းသို့ စီးဝင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊မကြာသေးမီ ကာလက လက်ရှိအခြေအနေနှင့် ဆီလျော်မှုရှိစေရန် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD) လိုင်စင်ရဘဏ်များအား နိုင်ငံခြားငွေကြေးဈေးကွက် (online trading)တွင် အရောင်းအဝယ်ပြုရာတွင် ဈေးကွက်၏ ဝယ်လိုအား၊ ရောင်းလို အားအတိုင်း Market Rateနှင့် ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ ထို့အပြင် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများ အကြားကွာခြားချက် ကြီးမားမှု မရှိစေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဖြေလျော့မှုများ တဖြည်းဖြည်း ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အားလုံးသိရှိမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် အခက်အခဲများကြားမှ ဆောင်ရွက်ပေးမှုများကို အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု များနှင့် စီးပွားရေးရေရှည် တည်တံ့ခိုင်မာစေရေးကို ရှေးရှုပြီး ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ဆောင်ရွက်လျက်ရှိရာ ပြည်သူထဲကပြည်သူဖြစ်သည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတိုင်းနိုင်ငံတော်ဘက်က အတတ်နိုင်ဆုံး ဖြေရှင်းပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပို့ကုန်ဈေးကွက် ရရှိရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့နောက် ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့အကျိုးစီးပွားတစ်ခုတည်းသာ နိုင်ငံတော်နှင့် နိုင်ငံသားများ ၏ အကျိုးစီးပွားအတွက် စီးပွားရေးကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်နှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးတည်ငြိမ်စေရေးအတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိရာ အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့်လည်း နိုင်ငံ့စီးပွား ရေရှည်ဖွံ့ဖြိုးရန် နိုင်ငံတော်နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးထွန်းအုံက အမှာစကားပြောကြားသည်။
ထို့နောက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဖတ်ကြားတင်ပြပြီး ပြင်ပစာရင်းစစ် JF Group-Certified Public Accountants & Auditors ၏ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်ပြကာ ကြိုတင်ပေးပို့ထားသည့် မေးခွန်းနှင့် အကြံပြုချက်များကို ဖြေကြားသည်။
ဆက်လက်၍ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုပြီး ၂၀၂၃-၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ကို ခန့်အပ်သည်။
ယင်းနောက် သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများသည် မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများသည် အမျိုးသားဇာတ်ရုံအတွင်း ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု ကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ညီနောင် မိတ်ဖက်အသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အောင်မြင့်(ပြန်/ဆက်)