လားရှိုးမြို့တွင် အစိုးရအဘိဓမ္မာ၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကျင်းပ

လားရှိုး ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်တွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပသည်။

အစိုးရအဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် စာမေးပွဲနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပပြုလုပ်နေမှု အခြေအနေများကို စာမေးပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပန်အုပ်ကျောင်းဆရာတော် ဘဒ္ဒန္တဇိနောရသာ လင်္ကာရနှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးမျာ၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်၊ ပြည်နယ်သာသနာရေးမှူးရုံးခွဲ (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ် အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုနှင့်ဒုတိယဆုများရရှိကြသည့် လားရှိုးမြို့မှလူပုဂ္ဂိုလ်နှစ်ဦးအား ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ စာမေးပွဲကို လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး လားရှိုး၊ ကျောက်မဲနှင့် မိုးမိတ်စာဖြေဌာနများမှ အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲဖြေဆိုသူ ၁၃၅ ဦး၊ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲ ဖြေဆိုသူ ၈ ဦး၊ ဝိသုဒ္ဓိမဂ် စာမေးပွဲဖြေဆိုသူ ၁၁ ဦးတို့က ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)