လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ယူနန်ဘုံကျောင်းမိသားစုမှ စားသောက်ဖွယ်ရာများ လှူဒါန်း

လားရှိုး  ဒီဇင်ဘာ ၁၀

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လားရှိုးယူနန်ဘုံကျောင်းအဖွဲ့မှ စားရိက္ခာများကို ယမန်နေ့က လှူဒါန်းခဲ့ကြကြောင်းသိရသည်။

လားရှိုးယူနန်ဘုံကျောင်းအဖွဲ့သည် ကန်မိန်းကျောင်းတိုက်၊ တောရကျောင်းတိုက်နှင့် လားဟူဘော်ဒါ စခန်းတို့တွင် ယာယီနေရပ်စွန့်ခွာသူများအတွက် ခေါက်ဆွဲခြောက်၊ မုန့်ခြောက်နှင့် အချိုရည်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီး ကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊တပ်ဦးကျောင်းတိုက်၊ ရွှေပြည် အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ပန်အုပ်ကျောင်းတိုက်၊ ကက် သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်း မေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းအပါအဝင် ယာယီတိုက်ပွဲရှောင်စခန်း (၂၀)ကျော်ခန့်ထိ ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)