သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောက်ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း  ဒီဇင်ဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၁၀)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ သဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ၊ ကျေးလက်လမ်း ဖွံ့ဖြိုရေး ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍  လုပ်ငန်းဆိုင်ရာများကို လမ်းညွှန်မှာကြားသည်။

ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံရာ၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်အတွင်း အရည်အသွေး ပြည့်မီစွာဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ဖြင့် ဆောင်ရွက်ကြရန်၊  ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်ပြီး၊ အပြန်အလှန် လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်မှ ချမှတ်ထား သည့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရွာလုကျေးရွာသို့ ရောက်ရှိပြီး၊ အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်းရှိ ရှင်းလင်းဆောင်တွင်  သမဝါယမဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာနှင့်အထွေထွေ စီးပွားရေး သမဝါယမ အသင်းသား/အသင်းသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အသင်း သား/သူများ၏ လိုအပ်ချက်/တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကျေးရွာဒေသခံများ ၏ ဝါးလက်မှုထည် ထုပ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လက်ပံပျားကျေးရွာ ဗြဟ္မဝိဟာရဘုန်တော်ကြီးကျောင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်း ပညာသင်တန်းသို့ ရောက်ရှိကြပြီး၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်း ပို့ချပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍  သင်တန်းပြီးစီးပါက စားသောက်ကုန်များထုတ်လုပ်ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းမှ ရရှိလာသော နည်းပညာများဖြင့် မိမိတို့ စားဝတ်နေရေးအတွက် အမှန်တကယ်လက်တွေ့ အသုံးချ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)