လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်

လားရှိုး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)တွင် ပေးအပ်သည်။

အသုံးအဆောင်ပစ္စည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးကပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများ ကိုယ်စား လက်ခံရယူပေးခဲ့သည်။

ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးတွင်ရောက်ရှိနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးအတွက် စောင်၊ ခြင်ထောင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။

အလားတူ လားရှိုးယူနန်ဘုံကျောင်းအဖွဲ့သည် ကန်မိန်းကျောင်းတိုက်၊ တောရကျောင်းတိုက်နှင့် လားဟူဘော်ဒါ စခန်းတို့တွင် ယာယီနေရပ်စွန့်ခွာသူများအတွက် ခေါက်ဆွဲခြောက်၊ မုန့်ခြောက်နှင့် အချိုရည်များကို လှူဒါန်းပေးခဲ့သည်။

လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ ရွှေပြည် အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်၊  ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအပါအဝင် ယာယီတိုက်ပွဲရှောင်စခန်း (၂၀)ကျော်ခန့်ထိရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)